International News

အိန္ဒိယနိုင်ငံ၏အဝတ်အထည်တင်ပို့မှုကဏ္ဍတွင် အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုအတားအဆီးများ ပိုမိုမြင့်တက်လာလျက်ရှိ၊ ယင်းတို့အနက် ယူဂန်ဒါနိုင်ငံမှအများဆုံးဖြစ်

Last Updated:

အိန္ဒိယနိုင်ငံ၏ အဝတ်အထည်တင်ပို့မှုကဏ္ဍတွင် အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုအတားအဆီးများ(non-tariff barriers) ပိုမိုမြင့်တက်လာလျက်ရှိပြီး၊ အဆိုပါအတားအဆီးများ၏ ထက်ဝက်ကျော်သည် ယူဂန်ဒါနိုင်ငံမှဖြစ်သည်ဟု The Times of India သတင်းဌာနက ယခုလ ၁၄ ရက်နေ့တွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု သို့မဟုတ် ဥရောပသမဂ္ဂကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများကသာ ကုန်သွယ်မှုအပေါ် အမြင့်မားဆုံးသော နည်းပညာဆိုင်ရာ အတားအဆီးများ (technical barriers)ကို သတ်မှတ်ပြဌာန်းထားဖွယ်ရှိသည်ဟု ထင်မြင်ယူဆကောင်းယူဆနိုင်ကြောင်း၊ သို့သော် ယူဂန်ဒါနိုင်ငံသည် ၂၀၁၉ ခုနှစ်ကတည်းက ကုန်သွယ်မှုအပေါ် အမြင့်မားဆုံးသော အရေးယူဆောင်ရွက်ချက်များကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)မှ လက်ခံရရှိသော အမိန့်ကြော်ငြာစာ(notification) စုစုပေါင်း (၁၃၁)ခုတွင် ယူဂန်ဒါနိုင်ငံမှ အမိန့်ကြော်ငြာစာက (၇၁) ခုပါဝင်ပြီး၊ ၎င်းသည် အကောက်ခွန်မဟုတ်သော အတားအဆီးများ(non-tariff barriers)များ၏ (၅၄)ရာခိုင်နှုန်းခန့်ကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံ အဝတ်အစားပို့ကုန်မြှင့်တင်ရေးကောင်စီ(Apparel Export Promotion Council, AEPC)မှ စုဆောင်းရရှိသောအချက်အလက်များအရ သိရသည်။ အီကွေဒေါနိုင်ငံသည် အမိန့်ကြော်ငြာစာ(notification) အရေအတွက်(၁၀)ခုဖြင့်လည်းကောင်း၊ ၎င်းနောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက (၈) ခုဖြင့်လည်းကောင်း အသီးသီးရှိကြသည်။

ဘူရန်ဒီနိုင်ငံ(Burundi) မှ ဘရာဇီးနိုင်ငံအထိ လွန်ခဲ့သော ၄ နှစ်တာကာလအတွင်း ထုတ်ပြန်ကြေညာခဲ့သည့် အကောက်ခွန်မဟုတ်သော အတားအဆီးစုစုပေါင်း၏ (၆၉)ရာခိုင်နှုန်းသည် အထည်အလိပ် သို့မဟုတ် အဝတ်အစားများနှင့်ပတ်သက်ကြောင်း သိရသည်။ WTO ဥပဒေများ၊ သဘောတူညီချက်များနှင့်ကိုက်ညီမှုရှိသော အသိအမှတ်ပြုလက်မှတ်များ၊ စစ်ဆေးချက်များ၊ စည်းမျဉ်းဥပဒေများ၊ စံချိန်စံညွှန်းများ၊ သန့်ရှင်းမှုနှင့် အပင်ပိုးမွှားကင်းစင်မှုစံချိန်စံညွှန်းများကဲ့သို့ အကောက်ခွန်မဟုတ်သော အတားအဆီးများနှင့် နည်းပညာဆိုင်ရာ ကုန်သွယ်မှုအတားအဆီးများက အရေအတွက်အများဆုံးဖြစ်ကြောင်း၊အဓိကပြဿနာမှာ ၎င်းတို့ကို WTO ၏ သဘောတူညီချက်များအား ဖေါက်ဖျက်လျက် သွင်းကုန်များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ဈေးကွက်ဝင်ရောက်နိုင်မှုကို ကန့်သတ်ချုပ်ချယ်ခြင်းတို့ကဲ့သို့ တရား မျှတမှုမရှိအောင် အသုံးချဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းကြောင့် သမာသမတ်ကျသော ကုန်သွယ်မှုအပေါ်ထိခိုက်စေသည့် အကောက်ခွန်မဟုတ်သော အတားအဆီးများသဖွယ် ဖြစ်လာစေသည်ဟု AEPC အထွေထွေအတွင်းရေးမှူးချုပ် Mithileshwar Thakur က ပြောကြားခဲ့သည်။

မကြာသေးမီက သတ်မှတ်ဆောင်ရွက်ခဲ့သော ဥရောပသမဂ္ဂ၏ နယ်စပ်ဖြတ်ကျော်ကာဗွန်ထိန်းညှိရေးအစီအစဉ်နှင့် သစ်တောပြုန်းတီးမှုဥပဒေများသည် WTO ၏ စည်းမျဉ်းဥပဒေများနှင့် ကိုက်ညီမှုမရှိဟု Thakur က ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရက တစ်ဖက်တွင် ကုန်သွယ်ဖက်နိုင်ငံများနှင့် သွင်းကုန်ခွန်လျှော့ချသတ်မှတ်ရေးဆောင်ရွက်လျက်ရှိစဉ် တစ်ဖက်တွင် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များသည် အကောက်ခွန်မဟုတ်သောအတားအဆီးများနှင့် ပိုမိုတိုးမြှင့်ရင်ဆိုင်နေရသည့်အတွက် အဆိုပါသွင်းကုန်ခွန်လျှော့ချသတ်မှတ်ခြင်းကြောင့် အကျိုးသက်ရောက်မှုမရှိစေတော့ဟုဆိုသည်။ ဥရောပသမဂ္ဂနှင့် ၂၀၁၅ ခုနှစ်ခန့်က စတင်ခဲ့သောကိစ္စတစ်ရပ်ဖြစ်သည့် ပင်ရင်းနိုင်ငံဖော်ပြချက်မှစ၍ ဆီနီဂေါနိုင်ငံက ယခုနှစ်တွင် သတ်မှတ်ပြဌာန်းလိုက်သည့် အဝတ်အထည်နှင့်ကုန်ချောပစ္စည်းများအတွက် အရည်အသွေးထိန်းချုပ်ရန်ကိစ္စအထိ ပါဝင်ကြောင်း သိရသည်။

မကြာသေးမီလအနည်းငယ်အတွင်းက အဝတ်အထည်များ၊ လက်အိတ်များနှင့် ဆောင်းရာသီသုံးလက်အိတ်များ(mittens)သည် မီးလောင်ကျွမ်းနိုင်မှုဆိုင်ရာစံချိန်စံညွှန်းများ(flammability norms)နှင့် ကိုက်ညီမှုရှိရမည်ဟု အမေရိကန်ပြည်ထောင်စုမှ တောင်းဆိုခဲ့ကြောင်း၊ ၎င်းသည် စစ်ဆေးမှုဆိုင်ရာ စည်းမျဉ်းဥပဒေအသစ်များနှင့် အပြည့်အဝကိုက်ညီမှုရှိရန် လိုအပ်ကြောင်း သိရသည်။ အီဂျစ်နိုင်ငံတွင် ၎င်းထံသို့ ကုန်ပစ္စည်းများတင်ပို့ရောင်းချလျက်ရှိသော စက်ရုံများသည် မှတ်ပုံတင်ရန်လိုအပ်ကြောင်း စည်းမျဉ်းဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ခေါင်းကိုက်ဖွယ်ရာကိစ္စများ ပိုမိုတိုးမြှင့်လာလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

ကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ အဓိကရင်ဆိုင်ဖြေရှင်းရသည့် ကိစ္စ(၂)ရပ်မှာ အကောက်ခွန်နှင့် အကောက်ခွန်မဟုတ်သောအတားအဆီးတို့ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် LDC နိုင်ငံတစ်ခုအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ တစ်ဖက်သတ်ပေးအပ်သော GSP ကဲ့သို့အကောက်ခွန်ကင်းလွတ်သက်သာခွင့်များကို ခံစားရရှိလျက်ရှိသည်။ သို့သော် ပင်ရင်းသက်သေခံလက်မှတ်၊ FDA ကဲသို့ စစ်ဆေးအတည်ပြုချက်လက်မှတ်များ၊ ကျန်းမာရေးထောက်ခံချက်၊ သန့်ရှင်းမှုနှင့် အပင်ပိုးမွှားကင်းစင်မှုအထောက်အထား၊ သတ်မှတ်ပမာဏထက် ဓါတ်ကြွင်းပါဝင်မှုနည်းပါးရန်နှင့် စက်ရုံများကို အသိအမှတ်ပြုမှတ်ပုံတင်ထားရှိရန်လိုအပ်ချက်ကဲ့သို့သော အကောက်ခွန်မဟုတ်သောအတားအဆီးများစွာကို ကျော်ဖြတ်နိုင်မှသာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့တင်ပို့ရောင်းချနိုင်ကြသည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဈေးကွက်သို့ ဝင်ရောက်နိုင်ရန် GACC ကဲ့သို့ အစိုးရအချင်းချင်းကြားသဘောတူညီမှု(G to G)အစီအမံများရှိသည့်အတွက် အိန္ဒိယနိုင်ငံ၏အဝတ်အထည်တင်ပို့မှုကဏ္ဍတွင် အကောက်ခွန်မဟုတ်သောကုန်သွယ်မှု အတားအဆီးများ ပိုမိုမြင့်တက်လာလျက်ရှိသည့်အခြေအနေကို သိရှိနိုင်ရန် သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။ The Times of India ၊ “Over half of all trade barriers against textiles from Uganda”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး‌၊ ကော်လ်ကတ္တားမြို့)

Category: International News